ဟွန်ဆန် ခရီးစဉ် အထမမြောက်ရေး အစွမ်းကုန် ကြိုးပမ်းသွားမည်

ဇန်နဝါရီ ၇-၈ ရက်နေ့များတွင် မြန်မာသို့ ရောက်လာရန် ရှိနေသော ကမ္ဘောဒီယား အာဏာရှင် ဟွန်ဆန်၏ ခရီးစဉ် အထမမြောက်စေရေး အတွက် ဖြစ်သည့် နည်းဖြင့် လုပ်ဆောင်သွားမည်ဟု နိုင်ငံလုံး ဆိုင်ရာ အထွေထွေ သပိတ်ညှိနှိုင်းရေး ကော်မတီ (GSCB) က ကြေညာချက် ထုတ်ပြန်လိုက်ပြီး အဆိုပါ ခရီးစဉ်အတွက်လည်း ဟွန်ဆန် အား ရှုတ်ချလိုက်သည်။

အဆိုပါ အဖွဲ့ကြီးသည် နိုင်ငံတဝှမ်း ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အဖွဲ့ပေါင်း ၂၆၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်ဟု သိရသည်။

၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ယခုထိ ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့သည့် နိုင်ငံ လေးနိုင်ငံထဲတွင် ကမ္ဘောဒီယားလည်း ပါဝင်ခဲ့သည်။

ဟွန်ဆန်သည် မြန်မာ ပြည် ခရီးစဉ် နှင့် ပတ်သက်ပြီး ၎င်းနိုင်ငံ အတွင်း နှင့် ပြည်ပ ၏ ဝေဖန် ရှုတ်ချခြင်းကို ခံနေရသဖြင့် မရှိမဲ့ ရှိမဲ့ ဂုဏ်သိက္ခာ ထပ်မံ ကျဆင်းသွားခဲ့ရသည်သာ အဖတ်တင်ခဲ့သည်။

သို့သော် ၎င်း စိတ်ထဲတွင် မြန်မာ အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည်ဟု အထင်ကြီးနေသည့် စိတ်က လွှမ်းမိုးနေခဲ့၍ ယခုလို ခရီးစဉ်ကို ဇွတ်အတင်း စီစဉ်လာခဲ့ခြင်းပင် ဖြစ်သည်။

ထိုအတွက်လည်း မိမိ ခရီးစဉ်သည် နိုင်ငံတွင်း အကြမ်းဖက်မှုများ မဖြစ်ပေါ်အောင် နှစ်ဖက်စလုံးက ထိန်းချုပ်ပြီး အာဆီယံ မူငါးချက်အား အကောင်အထည် ဖေါ်နိုင်ရန် ကြိုးပမ်းနိုင်ရေး လာရောက်ခြင်း ဖြစ်သည်ဟု ဟွန်ဆန် က လေပြေထိုးလာခဲ့ပြီ ဖြစ်သည်။

ယခင်က အကြမ်းဖက် စစ်ကောင်စီအား အာဆီယံ အဖွဲ့တွင် ပြန်လည် ဝင်ဆံ့နိုင်ရေး အတွက် တရုတ်၏ တိုက်တွန်း မှု ဖြင့် ကြိုးပမ်းရန် ကြံစည်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ကမူ မြန်မာပြည် အခြေအနေသည် ဆိုးဝါးလာနေပြီး ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်လာရန် လောင်စာများ အရံသင့် ရှိလာနေပြီဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

တိုင်းပြည်အတွက် နဂိုကတည်းကပင် စဉ်းစား လုပ်ဆောင်ဖို့ ခေတ်အဆက်ဆက် သင်ကြား လေ့ကျင့်ခြင်း မခံခဲ့ရသော မြန်မာ စစ်ခေါင်းဆောင်များကမူ ၎င်းတို့ ရင်ဆိုင်နေရသော ပြဿနာကို အချောင် ပြေလည်စေမည့် နည်းကလွဲ၍ တပြားသားမျှ အလျော့ပေးလိုစိတ် မရှိသည်ကိုလည်း အားလုံးက လက်ခံထားကြပြီး ဖြစ်သည်။

ထို့အတွက်လည်း ဟွန်ဆန် ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည် မဟုတ်ဟု ဇော်မင်းထွန်းက အတိအလင်း သတိပေးလာခဲ့သည်။

ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကမူ “ဧည်သည်တော်တဦး၏ လုံခြုံရေး ကို အိမ်ရှင်နိုင်ငံက တာဝန်ယူ စောင့်ရှောက်ရစမြဲ ဖြစ်သည်ကို ယုံကြည်မှု ရှိသဖြင့် ခရီးစဉ်ကို အပြောင်းအလဲ လုပ်မည် မဟုတ်ဟု” ဆိုသည်။

ဟွန်ဆန်၏ ခရီးစဉ်သည် မြန်မာပြည်သူများ ၏ အကျိုးသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနေသည်ဟု GSCB မှ တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးချစ်ဝင်းမောင်က ပြောကြောင်း မြန်မာ နောင်းတွင် ဖေါ်ပြထားသည်။

လက်ရှိတွင် စစ်တပ်သည် ကယားပြည်နယ် အတွင်း ရှိ ဒီမောဆိုး မြို့နယ် ၏ ၈၀ ရာနှုန်းကို လက်လွှတ်လိုက်ရပြီ ဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသ ဟူသမျှ တွင်လည်း လူသူဟူ၍ မရှိတော့ပဲ သစ်ပင်များသာ ကျန်တော့သည့် အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ယခုအခါ ကယားပြည်နယ် အတွင်းရှိ ကရင်နီ တိုင်းရင်းသား အားလုံးလိုလိုက စစ်ကောင်စီ တပ်များကို တညီတညွတ်တည်း ခုခံတွန်းလှန်နေကြပြီ ဖြစ်သည်။

တနင်္လာနေ့က ဖြစ်ပွားသော မုန်းကိုး ဒေသ အနီး တိုက်ပွဲများ တွင်လည်း စစ်ကောင်စီ တပ်များ အကျအဆုံး များစွာ ဖြင့် ဆုတ်ခွာသွားရပြီး MNDAA မှ လက်နက် အမြောက်အမြားကို သိမ်းဆည်း ရမိသွားခဲ့သည်။

ချင်းပြည်နယ် မတူပီ မြို့နယ် အတွင်း ရှိ စစ်စခန်းတခုအား ချင်း PDF တပ်များက ဝိုင်းရံ ပိတ်ဆို့ထားပြီး စစ်ကောင်စီ တပ်သား ၆၀ ခန့် သည် မင်းအောင်လှိုင် ပေးမည့် သူရဘွဲ့ရရှိ‌ရေး အတွက် ဘန်ကာများ အတွင်း ပုန်းအောင်း ခုခံနေဆဲ ဖြစ်သည်ဟု သိရသည်။

ကရင်နီ နှင့် ချင်းပြည်နယ် ဒေသများတွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဒုတပ်ရင်းမှုး တဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ခန့် ကျဆုံးသွားသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

စစ်ကောင်စီ တပ်များ၏ လက်ချက်ဖြင့် လေးကေ့ကော် ဒေသတွင် သတင်းထောက် ကိုစိုင်းဝင်းအောင် ခေါ် အေဆိုင်းကေ သေဆုံးခဲ့ရမှု အတွက် ယူနက်စကို အသင်းကြီး၏ ညွှန်ကြားရေးမှုး ချုပ် အော်ဒရေး အာဇူးလေး မှ ပြစ်တင် ရှုတ်ချလိုက်သည်။

ကိုစိုင်းဝင်းအောင်သည် ဒီဇင်ဘာလ အတွင်း ဒုတိယမြောက် အသတ်ခံခဲ့ရသော သတင်းသမား တဦးလည်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ ပြည်သူများ အကြမ်းဖက် စစ်ကောင်စီ လက်ချက်ဖြင့် ယခုအချိန်အထိ သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၄၃၇ ဦး အထိ ရှိလာနေပြီ ဖြစ်၍ အမေရိကန် နှင့် အနောက်နိုင်ငံများ အား ထိုကိစ္စ အပေါ် အရေးယူ ဆောင်ရွက်ရန် ဖိအားများ တိုးတက်များပြားလာနေပြီ ဖြစ်သည်ဟု နယူးဝိခ် မဂ္ဂဇင်းတွင် ရေးသားထားသည်။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

Hla Soewai