စစ်အာဏာရှင် အလှည့်ရောက်လာတော့မည့် ” ဝဋ် “

လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အသိပေးထားပါတယ် ။ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းကတည်းက လွိုင်ကော်ကို လေကြောင်းကနေ တိုက်ခိုက်နေတာပါ ။ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မြို့သူမြို့သားတွေကိုလည်း ပြေးလို့မရအောင် ပိတ်ထားပါတယ် ။

” လွိုင်ကော်မှာ စစ်အာဏာရှင်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှု့တွေ ချက်ချင်းရပ်ပေးပါ ” လို့ တောင်းဆိုထားတာပါ ။

” သက်ကြီးရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်နေသူတွေဟာ ဆိုင်ကယ်နဲ့ အလွယ်တကူ မလိုက်နိုင်ကြပါဘူး ။ မြို့အထွက်မှာ ဆိုင်ကယ်တွေ ၊ ကားတွေကိုလည်း ထွက်လို့မရအောင် စစ်တပ်က ပိတ်ထားပါတယ် ။ ” လို့ မြို့ခံတစ်ဦးက ပြောပါတယ် ။

လွိုင်ကော်တိုက်ပွဲမှာ မြို့ခံ ၄ ဦး သေဆုံးခဲ့ပါတယ် ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF ) က စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး စစ်လက်နက်ကိုင် ၃၀ ခန့် သေဆုံးခဲ့ပါတယ် ။

လွိုင်ကော်တိုက်ပွဲနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး ။

သုံးသပ်ရရင် ………..လွိုင်ကော်တိုက်ပွဲမှာ မြို့ခံတွေ အတိဒုက္ခရောက်ခဲ့ပါတယ် ။ သို့ပေမယ့် လွိုင်ကော်တိုက်ပွဲဟာ မြို့ပြစစ်ပွဲအဖြစ်နဲ့ တရားဝင် နားရွက်တံတွေးစွတ်လိုက်တဲ့တိုက်ပွဲပါ ။

ဒီတိုက်ပွဲဟာ မြို့သူမြို့သားတွေ ဒုက္ခရောက်တာမှန်ပေမယ့် စစ်ကောင်စီဘက်က ဆုံးရှုံးမှု့ ကြီးမားခဲ့ပါတယ် ။ ရဟတ်ယာဉ်တစ်စီးကို ကမ္ဘာသိအောင် ပစ်ချနိုင်ခဲ့သလို တင့်ကားတစ်စီးလည်း သိက္ခာမဲ့စွာ ထွက်ပြေးခဲ့ရပါတယ် ။

ဒါဟာ စည်းလုံးမှု့ကို ဘယ်လိုလက်နက်သာသူကမှ မယှဉ်နိုင်ဘူးဆိုတာ ပြသနေတဲ့ သက်သေပါပဲ ။

ဆိုရရင် ……..လွိုင်ကော်လို မြို့ပြတိုက်ပွဲတွေ တစ်မြို့ပြီးတစ်မြို့ ဖြစ်လာနိုင်ပါတယ် ။ နေရာစုံမဟုတ်သေးတဲ့ ပြည်တွင်းတော်လှန်ရေး တိုက်ပွဲတွေဟာ ခုခံစစ်ကနေ တိုက်စစ်ဖွင့်လာခဲ့ပါပြီ ။

ခုခံစစ်မှာတင် ဆုံးရှုံးမှု့ကြီးမားနေတဲ့ စစ်ကောင်စီအတွင်းမှာ သဘောထားကွဲလွဲမှု့တွေလည်း ရှိနေခဲ့ပါပြီ ။ ကချင် ၊ ကရင် ၊ ကယား ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ တိုက်ပွဲတွေစိပ်နေပါတယ် ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း မနည်းလှပါဘူး ။

တစ်ဘူပေါ် နှစ်ဘူဆင့်သလို အာဏာရှင်ရဲ့ မြေးဖြစ်သူ သေဆုံးတယ်လို့ လူမှု့ကွန်ယက်မှာ ပျံ့နှံ့နေပါတယ် ။ ” ဝဋ် ” ရဲ့ သဘောသဘာဝကို အာဏာရှင်မိသားစု သဘောပေါက်နိုင်တဲ့တစ်နေ့မှာ လက်နက်ချ တောင်းပန်လာပါလိမ့်မယ် ။ ရှေ့ဆက်တိုးမယ်ဆိုရင်တော့ အာဏာရှင်အနေနဲ့ ပြေးပေါက်မရှိတော့ပါဘူး ။

မိုတီအရေးကောင်းတယ်လို့ ပြောလာကြတဲ့ မိတ်ဆွေအချို့ကို ပါးပါးလေး ရှင်းပြပါဦးမယ် ။ အာဏာရှင်အနေနဲ့ ပြေးပေါက်မရှိတော့ဘူးဆိုတာ မိုတီဗေးရှင်း လုပ်တာမဟုတ်ပါဘူး ။

ဘာ့ကြောင့်လဲဆိုတော့ – အာဏာရှင်ကို အစိုးရတစ်ရပ်အနေနဲ့ ကမ္ဘာကြီးက အသိအမှတ်မပြုပါဘူး ။

– အာဏာရှင်ရဲ့ လုပ်ခဲ့ပြီးတဲ့ သမိုင်းနဲ့ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေဟာ ဘယ်လိုမှ ရှောင်ပြေးလို့မလွတ်ပါဘူး ။

– တော်လှန်ရေးအစမှာ ကုလနဲ့ နိုင်ငံတကာ စစ်ရေးအကူအညီကို မျှော်လင့်ခဲ့ပေမယ့် တရုတ်နဲ့ရုရှားရဲ့ အခြေအနေကြောင့် ထင်သလို ဖြစ်မလာပါဘူး ။ သို့ပေမယ့် သံတမန်နည်းလမ်းအရတော့ ကူညီပေးနေပါတယ် ။

– တော်လှန်ရေးအချိန်ကာလ တစ်နှစ်နီးပါးမှာတော့ နိုင်ငံတကာ စစ်ရေးအကူအညီကို မျှော်လင့်စရာမလိုလောက်အောင်ကို ပြည်တွင်းတော်လှန်ရေးက အာဏာရှင်ရဲ့ တရားဝင်မှု့ ကြိူးပမ်းချက်တွေကို ခြိမ်းချောက်လာပါပြီ ။

– အာဏာရှင်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်ရေးရာမှာ ကျဆင်းနေပါပြီ ။

– အင်အားချင်းယှဉ်မယ်ဆိုရင်လည်း အင်အား ၃ သိန်းနဲ့ သန်း ၄၀ ကျော် ဆိုတာ တကယ်တိုက်မယ်ဆိုရင် ဓားမတိုကိုင်ပြီး တိုက်လို့တောင်ရပါတယ် ။

– လက်နက်ရှိထားပြီးသား စစ်တပ်ကို လက်နက်မဲ့သူတွေက တစ်နှစ်အတွင်းမှာ အသာရလာတာဟာ တော်ရုံတန်ရုံ စကေလ်းမဟုတ်ပါဘူး ။

– မီဒီယာအပိုင်းမှာလည်း ချစ်နိုင် ( စိတ်ပညာ ) ထက်သာတဲ့ ရွက်ပုန်းသီးတွေ ပြည်သူတွေဘက်မှာ ရှိပါတယ် ။

– PDF လူငယ်တွေရဲ့ နည်းပညာ တီထွင်ကြံဆမှု့တွေက အချိန်တိုအတွင်းမှာ တိုးတက်လာပါတယ် ။

– နိုင်ငံတကာ ခုံးရုံးတင်ဖို့လည်း ကမ္ဘာကြီးက ပြင်ဆင်နေပါတယ် ။ ဆိုတော့ ……..၊ အာဏာရှင်ဟာ ပြေးဖို့ လွတ်လမ်းမရှိတော့ဘူးဆိုတာ မိုတီပေးတာ မဟုတ်ပါဘူး ။

တိုင်းရင်းသားပြည်သူတွေ တောထဲ တောင်ထဲ အတိဒုက္ခရောက်စွာနဲ့ ထွက်ပြေးရသလို ၊ အာဏာရှင်ရဲ့ အလှည့် ရောက်လာတော့မယ်ဆိုတာ ဒီနေ့ပြသလိုက်တဲ့ ” ဝဋ် ” ဆိုတဲ့ စကားလုံးလေးတစ်လုံးက အာဏာရှင်ကို ကောင်းကောင်းကြီး အသိပေးလိုက်ပါပြီ ။

ကိုယ်တိုင်သုံးသပ်ကြည့်ကြပါ ။

ဘကြီးအောင် LA