မင်းသားကြီး ကျော်ဟိန်းကို တချိန်တုန်းက ပြည်သူတွေ Boycott လုပ်ခဲ့ဖူးတယ်ဆိုရင် အံ့ဩနေကြပါလိမ့်မယ်

တချိန်က ကျော်ဟိန်းလည်း အလိုမရှိလို့ ကြွေးကြော်ခံရဖူးတယ်

မြန်မာ့ရုပ်ရှင် လောကကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်း တချိန်တုန်းက သရုပ်ပျက် ဝတ်စားဆင်ယင်မှုကြောင့် “ကျော်ဟိန်း အလိုမရှိ” ဆိုပြီး စာနယ်ဇင်းတွေရဲ့ ရေးသားမှုအပြင် လူတွေ့ရဲ့ လက်မခံမှုကို ကြုံခဲ့ရဖူးတယ် ဆိုရင် အံ့သြကြလိမ့်မယ်ထင်ပါတယ်။

အဲဒီတုန်းက အနောက်တိုင်းယဉ်ကျေးမှု၊ အနောက်တိုင်း ဂီတကို လူတိုင်း လက်မခံနိုင်သေးတဲ့ အချိန် ကျော်ဟိန်းရဲ့ ဝတ်စားဆင်ယင်မှု၊ အသံသေး အသံကြောင်နဲ့ သီဆိုဟန်၊ တွန့်လိမ် ကောက်ကွေးတဲ့ သူ့အမူအရာတွေဟာ လူငယ် တချို့ ကြား ရေပန်းစားကောင်း စားကြပေမယ့် လူကြီးတွေ ကြားမှာတော့ မျက်စိနောက်စရာ ဝေဖန်စရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါကြောင့်လည်း တက်သစ်စ မင်းသားဘဝမှာ မြန်မာ့ ယဉ်ကျေးမှုကို စင်မြင်ထက်ကနေ လူသိထင်ရှား ဖျက်ဆီးနေသူ၊ ငွေကြေးနဲ့ အဆက်အသွယ်ကြောင့်သာ အနုပညာ စင်မြင့်ကို ရောက်လာသူလို့ စာနယ်ဇင်းတွေရဲ့ စာမျက်နှာပေါ်ကနေ ပြင်းပြင်းထန်ထန် ရေးသားခြင်းကို ခံခဲ့ရပါတယ်။

ကျော်ဟိန်းနဲ့ ပရိတ်သတ်အကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတဲ့ ပြဿနာကတော့ ၁၉၇၂ ခုနှစ်က ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ကျော်ဟိန်းရဲ့ ဖျော်ဖြေမှု အမူအယာကို မျက်စိ နောက်ခဲ့တာကြောင့်လို့ ဆိုရမှာပါ။

အဲဒီတုန်းက စာနယ်ဇင်းတွေမှာ ဖော်ပြတာကတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ဖျော်ဖြေခဲ့တဲ့ ကျော်ဟိန်းရဲ့ ခေါင်းလောင်းဘောင်းဘီ၊ တွန့်လိမ် ကောက်ကွေးတဲ့ အမူအရာ၊ သံသေး သံကြောင် ဖျော်ဖြေမှုကို မြို့လူထုက သည်းမခံနိုင်လောက်အောင် ဖြစ်ရတဲ့အတွက် အော်ဟစ်ဆဲဆိုကာ “ကျော်ဟိန်း အလိုမရှိ” လို့ ကြွေးကြော်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ပျက် ဝတ်စားနေတဲ့ မင်းသားများ စာရင်းမှာ ကျော်ဟိန်းဟာ ထိပ်ဆုံးမှာ ရှိခဲ့ပြီး၊ သူဟာ အနုပညာနဲ့ ပြည်သူကို ဖျော်ဖြေရမယ့်အစား ခေါင်းလောင်း ဘောင်းဘီကို ဝတ်၊ သရုပ်ပျက် သီချင်းကို ဆို၊ ကောက်ကောက်ကွေးကွေး တွန့်လိမ်ကာ ထင်ရာ လုပ်ပြတာကြောင့်လို့ ပရိတ်သတ်က သည်းမခံနိုင်တဲ့အဆုံး ပြသနာ ဖြစ်ရတယ်လို့ ဝေဖန် ရေးသားကြပါတယ်။

ရုပ်ရှင်ထဲမှာတော့ ကျော်ဟိန်းရဲ့ ထင်ရာလုပ် သရုပ်ဆောင်တာတွေ၊ အနောက်နဲ့ အရှေ့ ရောထွေးနေတဲ့ သရုပ်ပျက် တေးသံတွေကို လူတွေက လက်မခံကြပေမယ် ပြန်ပြီး မတုံ့ပြန်နိုင်ခဲ့ဘူး။ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာတော့ လူတွေရဲ့ သည်းမခံနိုင်ကြောင်း ပြသခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၇ရက်မှာ ကျော်ဟိန်းဟာ စာနယ်ဇင်း ပုဂ္ဂိုလ်များနဲ့ ရုပ်ရှင်ကောင်စီ ခန်းမမှာ သြဝါဒ ခံယူပြီး ဝန်ချ တောင်းပန်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဒီလိုစွပ်စွဲခံရတဲ့ ကျော်ဟိန်းဟာ သူ့ရဲ့ ပရိတ်သတ်ကို ပြန်စုစည်းနိုင်ခဲ့ပြီး၊ ပရိတ်သတ်ကလည်း သရုပ်ဆောင်မှုကို တဖြည်းဖြည်း လက်ခံလာခဲ့ကြတယ် လို့ ဆိုရမှာပါ။

ကျော်ဟိန်းခေတ်လို့ ပြောစမှတ် တွင်လောက်အောင် လူငယ်ထုကြားမှာ သူရဲ့ အမူအယာ၊ ဝတ်စားဆင်ယင်မှု နေထိုင်ပုံတွေကို အတုခိုးခဲ့ကြတာ အဲဒီခေတ်က လူတိုင်း သိကြမှာ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာတော့ ဒါရိုက်တာ ဦးသုခ ရိုက်ကူးတဲ့ အကာကအချစ် အနှစ်ကမေတ္တာ ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီ ရရှိခဲ့ပြီး၊ ၁၉၈၂ ခုနှစ်မှာတော့ ကိုယ်တိုင် ဒါရိုက်တာ လုပ်ကာ ရိုက်ကူးတဲ့ မွန်းတည့်ချိန်မှာ နေဝင်သည် ဇာတ်ကားနဲ့ ဒုတိယအကြိမ် ရရှိပြန်ပါတယ်။ အဲဒီနောက် ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ နေက မွေးတဲ့လ၊ ဝေလည်းမွှေး ကြွေလည်းမွှေး စတဲ့ ဇာတ်ကားတွေမှာ အကယ်ဒမီ ရခဲ့ပြန်ပါသေးတယ်။

၁၉၆၈ ခုနှစ် ဖူးစာလမ်းဆုံ ဇာတ်ကားမှာ သရုပ်ဆောင် မောင်ကျော်ဟိန်းအဖြစ်နဲ့ ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့တဲ့ သူ့ကို အငြိမ်းစားခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်၊ ဒေါ်ချိုချိုတို့က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှာ မွေးဖွားခဲ့ပြီး ငယ်နာမည် ကျော်ဌေး တဖြစ်လဲ ကျော်ဟိန်းဟာ ရန်ကုန် စမ်းချောင်းသား တစ်ဦးလို့ ဆိုရမှာပါ။
မင်းသားကျော်ဟိန်းရဲ့ ဘဝကောက်ကြောင်းကို ကြည့်မယ်ဆိုရင် အနိမ့်အမြင့်၊ အတက်အကျ၊ အတိုက်အခိုက်တွေနဲ့ ရှိတာကို မြင်ရမှာ ဖြစ်ပါတယ်။

မိခင်ဘက်က အေဝမ်း ရုပ်ရှင်မျိုးရိုးဖြစ်ပြီး၊ မြန်မာ့ ပထမဆုံး ရုပ်ရှင်မင်းသား ဦးညီပု၊ မောင်တင်မောင် (ဦးတင်မောင်) တို့ရဲ့ တူတော်ပေမယ့် ငယ်စဉ်က တေပေနေတဲ့ အိမ်ပြေးဘဝကို ဖြတ်သန်းခဲ့သလို၊ ဟိုစဉ်က လူမိုက်ဂိုဏ်းတွေဖြစ်တဲ့ စိန်ဂေါ်လီဂိုဏ်းရဲ့ ဂိုဏ်းစတားပေါ့။ ရေတပ်ထဲလည်း ရောက်ခဲ့ဖူးပါတယ်။

ဘိန်းဖြူကို တရှိုက်မက်မက် သုံးရင်း နောက်ပိုင်းမှာတော့ စွန့်လွှတ်ကာ အနုပညာဘက်ကို စောင်းပေးပြီး လုပ်ဆောင်ခဲ့တာကြောင့် အသက် ၆၀ကျော်တဲ့အထိ ရုပ်ရှင်လောကမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။

ကျော်ဟိန်းဟာ ရုပ်ရှင်ကားပေါင်း ၂၂၂ ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ရိုက်ကူးခဲ့သလို၊ မျက်ရည်ငှက်များ နားစေသတည်း တေးစီးရီးနဲ့ ဂီတလောကကို ဝင်ရောက်ခဲ့ရာ အဓိပ္ပါယ်ရှိသောလူ၊ စင်ပေါ်က သီချင်းများ စတဲ့ စီးရီးတွေမှာတော့ လူကြိုက်များခဲ့ပါတယ်။

ဒီလိုအောင်မြင်ခဲ့တဲ့ ကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ်မှာတော့ အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး ရဟန်းဘောင် ဝင်ခဲ့ပါတယ်။ လောကီကို အဆက်ဖြတ်ပြီး လောကုတ္တရာဘက်ကို ကူးသွားတဲ့ ရုပ်ရှင်လောကသားတွေထဲမှာတော့ ရုပ်ရှင်မင်းသားကြီး ဇေယျ (ရိုးရိုးကြီးဇေယျ) နဲ့ မင်းသားကြီး ကျော်ဟိန်းတို့ဟာ ထင်ရှားပါတယ်။

အခုတော့ မင်းသားကြီး ကျော်ဟိန်းဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၂၇ မိနစ်မှာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ကွယ်လွန်ခဲ့ပါပြီ။

ကွယ်လွန်ချိန်မှာတော့ ရဟန်းဝတ်နဲ့ ဖြစ်ပြီး သက်တော်အားဖြင့် ၇၃နှစ်၊ ဝါတော်ကတော့ ၁၂ ဝါပါ။

𝐂𝐫𝐞𝐝𝐢𝐭