ကာလုံအစည်းအဝေးက အရေးပေါ်ကာလအခြေအနေ နောက်ထပ်(၆)လသက်တမ်းတိုး

ယာယီသမ္မတ၏ထုတ်ပြန်ချက်

​နေပြည်​တော်၊ ဇန္နဝါရီ ၃၁

ဖြစ်ပေါ် နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့်အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ၊

ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများခန့်ထားရန် ကျန်ရှိနေသေးသည့် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ နိုင်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက် ပေးရန်လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ပေး ပါရန် ယနေ့ ကျင်းပသည့် ကာလုံအစည်းအဝေးတွင်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ အရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတင်ပြခဲ့သည်ဟု ယာယီသမ္မတဦးမြင့်ဆွေက ကြေညာသည်။

ယာယီ သမ္မတ အပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ နှင့် အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း ယာယီသမ္မတကထုတ်ပြန်သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ကျင်းပခဲ့ရာတွင် အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက်ကြကြောင်း သိရှိရသည်။