စစ်ကျွန်သာသနာထွန်းကားရခြင်းအကြောင်အရင်း

ဘုန်းကြီးတွေ သီလရှင်ဆိုတာ ဗုဒ္ဓဘာသာဝင်များကို ဓမ္မကို တတ်ကျွမ်းနားလည်အောင် သင်ကြားပြသညွှန်ကြားရတဲ့ ဆရာနေရာမှာ ရှိကြပါတယ်။

ရတနာသုံးပါးအနေနဲ့ရော အနန္တောအနန္တငါးပါး ဂိုဏ်းဝင်အဖြစ်နဲ့ပါ လူအဖွဲ့အစည်းရဲ့ အရိုအသေပြုရတဲ့ ဆရာအဆင့်မှာ ရှိကြပါတယ်။

ဒါပေမဲ့ ဘာဖြစ်လို့ ယနေ့ခေတ်မှာ ဘုန်းကြီးအများစုဟာ ပြည်သူအများရဲ့ဘက် မျက်နှာမမူဘဲ စစ်ကျွန်ဘဝကို မက်မောတပ်မက်ကြသလဲ မကြာခဏ စဉ်းစားမိပါတယ်။

အဲဒီအခါ ဗုဒ္ဓ လက်ထက်က ခုဇုတ္တရာ အမျိုးသမီးအကြောင်းကို သတိရမိပါတယ်။ ခုဇုတ္တရာအမျိုးသမီးဟာ သာမာဝတီမိဖုရားရဲ့ ပန်းအဝယ်တော်ဖြစ်ပါတယ်။

ထူးခြားတာက ရိုးရိုးပန်းဝယ်တဲ့သူမဟုတ်ပါဘူး။ သာမာဝတီမိဖုရားဝယ်ခိုင်းတဲ့ ပန်းဖိုးငွေထဲကနေ ခိုးယူထားပြီး ပန်းဝယ်ပေးနေတဲ့ သူခိုးမလေး ခုဇုတ္တရာဖြစ်ပါတယ်။

တနေ့တော့ ပန်းအဝယ်သွားရင်း ဗုဒ္ဓရဲ့တရားတော်ကို နာကြားခွင့်ရပြီး တရားကို သိမြင်သွားတယ်။ တရားကို သိမြင်သွားတဲ့အခါမှာ အရင်က ပန်းဖိုးထဲက နေ့စဉ်ခိုးယူနေမိတဲ့ အကျင့်မှားကို လုံးဝစွန့်လွတ်ပစ်လိုက်တယ်။

ပန်းဖိုးပေးလိုက်တာကို မခိုးတော့ဘဲ အပြည့်အဝဝယ်သွားတယ်။ ဒီလို ဝယ်သွားလို့ ပန်းတွေ အရင်ကနဲ့မတူ များနေတာကိုသိရင် မေးမယ်၊ မေးရင် သူပန်းဖိုးထဲက နေ့စဉ်ခိုးနေတာကို ပြောရမယ်၊ ပြောပြလို့ သိသွားရင် အသတ်ခံနိုင်တယ်ဆိုတာကိုသိပါတယ်။

သို့သော်လည်း သတ်ချင်သတ်ပါစေ အမှားကိုတော့ ဆက်လက်မကျူးလွန်တော့ဘူးဆိုတဲ့ တရားသိသွားတဲ့စိတ်၊ ဓမ္မကို သိနားလည်တဲ့စိတ်ဟာ ခွန်အားတွေသတ္တိတွေ ဖြစ်ပေါ်စေလို့ အမှန်တရားကိုပဲလုပ်ပါတော့တယ်။

သာမာဝတီမိဖုရားက ပန်းတွေအရင်ကနဲ့မတူ ဒီနေ့ပိုများလာတာကိုမေးတော့ အရင်က သူတရားမသိလို့ မှားမိခိုးမိကြောင်းကို ပြောပြတယ်။ အခုဗုဒ္ဓရဲ့တရားကိုနာကြားပြီးတဲ့နောက်မှာ တရားသိသွားလို့ အမှားမလုပ်တော့ကြောင်းကိုပြောပြပါတယ်။

သာမာဝတီမိဖုရားကလည်း စဉ်းစားပါတယ်။

လူတွေစွန့်လွတ်ဖို့အခက်ခဲဆုံးသော အသက်ကိုပင် စွန့်လွတ်ဖို့ဝန်မလေးတဲ့ တရားဟာ သာမာန်တရားတော့မဖြစ်နိုင်ဘူး။ အင်မတန်ကောင်းမွန်မြင့်မြတ်ပြီးတန်ဖိုးရှိတဲ့တရားပဲ ဖြစ်ရမယ်။

ဒီတရားကို သူတို့ကို ပြန်လည် ဟောပြနိုင်မလားလို့မေးတဲ့အခါမှာ ခုဇ္ဇုတ္တရာကလည်း ပြန်လည်ဟောပြနိုင်ကြောင်းပြောလို့ အရင်ပန်းအဝယ်တော်ကျွန်ဘဝကနေ ချက်ချင်းမိဖုရားရဲ့ဆရာအရာမှာ ရောက်ရှိသွားပါတယ်။

ဒီနေရာမှာပြောပြချင်တာက ဗုဒ္ဓရဲ့တရားတော်များကို တကယ်သိသွားပြီ နားလည်သဘောပေါက်သွားပြီဆိုရင် အမှားတွေ မကျူးလွန်တော့ပါဘူး။ အမှန်တရားအတွက် အသက်ပင်စွန့်ရပါစေ စွန့်ရဲတဲ့စိတ်ဖြစ်သွားတာပါ။

သို့သော် ရဟန်းတော်များ လေးသိန်းကျော်၊ သီလရှင်ဆရာလေး ခြောက်သောင်းကျော်၊ ဗုဒ္ဓဘာသာဝင်ဦးရေဟာ ၈၇% ရာခိုင်နှုံးကျော်ရှိပါတယ်ဆိုတဲ့ မြန်မာနိုင်ငံကြီးမှာတော့ စစ်မိစ္ဆာကောင်တွေဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်ကြီးနေဝင်း မတရားအာဏာသိမ်းပိုက်ပြီးချိန်နေစပြီး ယနေ့ မိစ္ဆာကောင်လူယုတ်မာ မင်းအောင်လှိုင်ထိ ကိုယ့်တိုင်းသူပြည်သားများကို ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်သတ်ဖြတ်ကြတယ်။

ပြည်သူပိုင်သယံဇာတမှန်သမျှ သူတို့အုပ်စုတစုသာလျှင် ထင်တိုင်းဂုတ်သွေးစုပ်အမြတ်ထုတ်ကြတယ်။ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးကာ မုဒိန်းကျင့်ကြတယ်။

ဒီလောက်ဆိုးသွမ်းမိုက်မဲနေမှန်းလည်းသိ အမှားတွေကိုရက်ရက်စက်စက်ကျူးလွန်နေမှန်းလည်းသိကြပါလျက် ဘုန်းကြီးအများစု သီလရှင်အများစုဟာ ထိုမိစ္ဆာကောင်များနဲ့ ပေါင်းစားကြတယ်။

ထိုမိစ္ဆာကောင်များကို အာဏာသိမ်းဖို့မြှောက်ပေးခဲ့ကြတယ်။ အာဏာသိမ်းပြီးတော့လည်း မဘသ ဒုဥက္ကဋ္ဌ ဦးသီလက္ခန္ဒကိုယ်တိုင် မင်းအောင်လှိုင်ကို သာသနာပြုဒါယကာ မင်းကောင်းမင်းမြတ်ဆိုပြီး အရှက်မဲ့စွာနဲ့ပဲ စတိတ်မင့်ထုတ်ကာ လက်မှတ်ထိုးကြေညာပေးခဲ့တယ်၊

အာဏာသိမ်းတာဝမ်းသာလို့ဆိုပြီး မဘသ ကိုယ်တော်ကြီးတွေ တော်တော်များများ စတုဒိသာ ကျွေးမွေးကြတယ်၊ အာဏာသိမ်းပြီးနောက်မှာ ဆန္ဒပြသူများကို ပစ်သတ်လိုက်ဆိုပြီး မဘသ ကိုယ်တော်ဦးဝိမလက တရားဝင် ရေးသားဖြန့်ဝေပေးခဲ့တယ်။

မဘသကိုယ်တော်တွေကပဲ ပျူစောထီးနဲ့ ဒလန်များကိုမွေးထုတ်ခဲ့ကြတယ်။ ပျူစောထီးများကို သူတို့ကျောင်းတိုက်များမှာ စစ်သင်တန်းပေးကြတယ်။ သူတို့ကိုယ်တိုင် သေနတ်ကြီးများလွယ်ကာ စစ်သင်တန်းတက်ကြတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ခိုင်းတာမှန်သမျှ လုပ်ကြပါတော့တယ်။

ပန်းအဝယ်တော်သူခိုးမလေးကတော့ နှလုံးသားထဲမှာ ဓမ္မ ရောက်လာပြီး တရား ရှိတော့ ဆရာအရာ ရောက်တယ်။

သင်္ကန်းခြုံထားတဲ့ ဘုန်းကြီးအများစုမှာ ဓမ္မ မရှိတော့ သူများ ခိုင်းတာလုပ်ပြီး ရပ်တည်မှီခိုရတဲ့ အသုံးချခံ စစ်ကျွန်ဘဝမှာ ပျော်နေကြတော့တာပါပဲ။

ဓမ္မ မရှိ အမှန်မသိတဲ့ ဘုန်းကြီးတွေက အင်အားကောင်းနေတဲ့ သာသနာဟာ ထွန်းကားတယ်ဆိုလေမလား၊ အမှောင်တိုက်ကွယ်နေတယ် ဆိုရမလား။

အရင်းအတိုင်းဆိုရလျှင် ဓမ္မကို အထောက်အပံ့ မပြုဘဲ အကြမ်းဖက်စစ်တပ်နဲ့ စစ်အာဏာရှင်အလိုကျ အသုံးချခံ အထောက်အကူပြုနေတဲ့ သာသနာ ဖြစ်နေရင်တော့ စစ်ကျွန်သာသနာလို့ ဝန်ခံကြရတော့မှာပါပဲ။

ဒါလည်း တော်လှန်ရေးက လှစ်ပြလိုက်တဲ့ အမှန်တရားမို့ ပြည်သူအများ ဝေဖန်စဉ်းစားကြရဖို့ရာ အသိပေးရေးသားလိုက်ပါတယ်။◼

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

#ddaychannel