စ စ်အာဏာသိမ်းမှု မအောင်မြင်သေးကြောင်း မင်းအောင်လှိုင် ဝန်ခံ

အာဏာသိမ်းပြီးကတည်းက ရန်ကုန်မှာတင် တိုက်ခိုက်မှု အကြိမ် ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း စစ်အုပ်ချုပ်ရေး ၁၈ လပြည့်သည့် အထိမ်းအမှတ်ဖြင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ယနေ့မနက်တွင် နိုင်ငံပိုင်ရုပ်သံများကတစ်ဆင့် ပြောကြားသည်။

အာဏာသိမ်းမှုကြောင့် လူမှုရေး၊ စီးပွားရေး အဖက်အဖက် ခြွတ်ခြုံကျနေသော်လည်း နိုင်ငံ၏ စီးပွားရေးကို ၆ လအတွင်း ဦးမော့လာအောင်လုပ်မည်ဟုလည်း ၎င်းကပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက တရားဝင်ရွေးချယ်ထားသည့် အရပ်သားခေါင်းဆောင်များကို ဖြုတ်ချဖမ်းဆီးထားသော်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးဆိုသည်ကို ယမန်နေ့က ခေါ်ယူပြီး နောက်ထပ်သက်တမ်း ၆ လတိုးယူသည်ဟု ကြေညာခဲ့သည်။

ထိုကာလုံအစည်းအဝေးတွင် အရပ်သားအစိုးရလက်ထက်က ဒုသမ္မတ (၁) အဖြစ်တာဝန်ယူခဲ့ပြီး စစ်ကောင်စီက ယာယီသမ္မတအဖြစ်ကြေညာထားသော ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက အကြီးအမှူးအဖြစ်ပြုလုပ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းကို စစ်ကောင်စီ၏ အာဏာသိမ်းပြီး စွမ်းဆောင်ချက်များကို တင်ပြနေသည်ကို ယ နေ့ည ၈ နာရီ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ထုတ်လွှင့်ကြေညာခဲ့သည်။

ကာလုံအစည်းအဝေးတွင် စစ်ဗိုလ်ချုပ်ကြီးများနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်သည်ကို တွေ့ရသော်လည်း ကျန်ဒုသမ္မတတစ်ဦးဖြစ်သည့် ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခြင်း မရှိပေ။

စစ်ကောင်စီ၏ အာဏာသိမ်းခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းများကို ဖောက်ဖျက်ပြီး လုပ်ဆောင်ခဲ့သော်လည်း ထိုအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေတွင် အာဏာလွှဲအပ်ခဲ့သော် ကနဦးအားဖြင့် သက်တမ်း ၁ နှစ်တာဝန်ယူနိုင်ပြီး၊ လိုအပ်ပါက ၆ လ သက်တမ်း ၂ ကြိမ်တိုးယူနိုင်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီး ၁ နှစ်နှင့် ၆ လသက်တမ်းရှိနေပြီဖြစ်သော စစ်ကောင်စီအတွက် ယခုသက်တမ်းတိုးမှုသည် နောက်ဆုံးအကြိမ် အရေးပေါ်ကာလ သက်တမ်းတိုးခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်များကို ခြေဖျက်ခဲ့သော်လည်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအနှံ့“လွတ်လပ်ပြီးတရားမျှတသော”ရွေးကောက်ပွဲ ဆက်လုပ်သွားမည်ဖြစ်ကြောင်းလည်း ယနေ့အစည်းအဝေးတွင်ပြောသွားသည်။ သို့သော်၎င်းက ယခုသက်တမ်းတိုးသည့် ၆ လကုန်ဆုံးသည့် ရှေ့နှစ် ဇန်နဝါရီအကုန်တွင် ရွေးကောက်ပွဲကျိမ်းသေပေါက်ကျင်းပမည်လားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းမရှိပေ။

မင်းအောင်လှိုင်က ယနေ့အစည်းအဝေးတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် နိုင်ငံတော်၏ အရေးကြီးသောမူများကို ခိုင်မာအောင်ဆောင်ရွက်နေကြောင်း မရှင်းမလင်းပြောကြားခဲ့သည်။

မင်းအောင်လှိုင်၏ စစ်အုပ်ချုပ်ရေးအား ပြည်သူအများစုက အာဏာသိမ်းပြီးသည်နှင့် အနုနည်းဖြင့်လည်းကောင်း လက်နက်ကိုင်နည်းဖြင့်တစ်ဖုံအမျိုးမျိုးတော်လှန်နေသောကြောင့် ယခုအချိန်ထိ စစ်အာဏာသိမ်းမှုသည် အောင်မြင်ခြင်းမရှိသေးပေ။

Crd – Living Myanmar