
ပုံမှန်ဆိုရင်တော့ သစ်တောတွေဟာ မြေပြင်တလျှောက်မှာပဲ ရှိရမှာပါ။ ဒါပေမယ့် အခုသစ်တောကတော့ မိုးမျှော်တိုက်မှာ အပြည့် ဒေါင်လိုက်စိုက်ပျိုးထားသလို ဖြစ်နေတဲ့အတွက် ဒေါင်လိုက်သစ်တော Vertical Forest လို့ တင်စားအမည်ပေးထားခြင်း ဖြစ်ပါတယ်။ ယနေ့အခါမှာတော့ တိုးတက်တဲ့ ကမ္ဘာ့မြို့ကြီးအချို့မှာ ပတ်ဝန်းကျင်စိမ်းလန်းစေဖို့ နဲ့ အောက်ဆီဂျင်ရရှိစေဖို့ ဒေါင်လိုက် သစ်တောတွေကို ဖန်တီးလာကြပါပြီ။
ဒီ ဒေါင်လိုက်သစ်တောဟာ ကမ္ဘာပေါ်မှာ အစောဆုံး ဖန်တီးမှုဖြစ်ပြီး အီတလီနိုင်ငံက ဒုတိယအကြီးဆုံးဖြစ်တဲ့ မီလန်မြို့မှာ တည်ရှိနေပါတယ်။ ဒီသစ်တောရဲ့အမည်ကိုတော့ ဘော်စကို ဗစ်တီကာလယ် Bosco Verticale လို့ ပေးထားပြီး မီလန်မြို့ရဲ့ အထင်ကရ ရထားဘူတာကြီးဖြစ်တဲ့ မီလာနို ပေါ်တာ ဂါရက်ဘာလ်ဒီ Milano Porta Garibaldi ရဲ့ အနီးမှာ တည်ရှိနေပါတယ်။
အထပ်မြင့် အဆောက်အအုံ တာဝါနှစ်ခုကို ပေါင်းပြီး ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီတာဝါတွေမှာ ပထမတာဝါက ၂၆ ထပ်(၃၆၄ပေ) မြင့်ကာ တာဝါ အသေးကတော့ ၁၈ ထပ် (၂၄၉ပေ) မြင့်ပါတယ်။ သစ်ပင်အကြီး ၄၈၀ ပင်၊ အသေး ၂၅၀ ပင်၊ မြေစိုက်ပင်ပေါင်း ၁၁ ၀၀၀ နဲ့ သစ်ပုပင်ပေါင်း ၅၀၀၀ ကျော်တို့ အပါအဝင် အပင်ပေါင်း ၂၀၀၀၀ခန့်ကို ဧရိယာ ၁၁ ၀၀၀ စတုရန်းမီတာ ကျယ်တဲ့ ဒီအဆောက်အဦးတွေပေါ်မှာ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ graywater recycling (Graywater ဆိုတာ အိမ်သာကအညစ် အကြေးရေ မဟုတ်ပဲ ရေချိုးခန်းတို့၊ ဘေစင်တို့က လာတဲ့ရေကို ဆိုလိုပါတယ်) နဲ့ နေစွမ်းအင် ဆိုလာပြား တွေကနေ လျှပ်စစ်ဓာတ်ရယူပြီးသုံးတဲ့ ရေလောင်းနည်းတွေကို အသုံးပြုထားတာကြောင့် လျှပ်စစ်အတွက် ကုန်ကျစရိတ်ကိုလည်း အတော်လေးသက်သာစေပါတယ်။
အပင်မျိုးစိတ်ပေါင်း ၉၀ ခန့်ရှိတဲ့ ဒီသစ်တော အဆောက်အဦးဟာ ငှက်မျိုးစုံ နဲ့ အင်းဆက်တွေကိုလည်း ဆွဲဆောင်လျက်ရှိပါတယ်။ ဒီအဆောက်အဦးဟာ တနှစ်မှာ လေထုထဲမှာ ပါဝင်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၄၄၀၀၀ ပေါင်ခန့်ကို လျှော့ချနိုင်တယ်လို့ လည်းသိရပါတယ်။ အဆောက်အဦးဟာ အောက်ဆီဂျင်ကို ထုတ်လုပ်ပေးတဲ့အပြင် နွေနဲ့ဆောင်းရာသီတွေ မှာအပူချိန်ကို ထိန်းညှိပေးပါတယ်။
ဆောက်လုပ်ဖို့ ပူးပေါင်းပြီး ဒီဇိုင်းဆွဲခဲ့တဲ့သူတွေကတော့ အီတလီဗိသုကာ ပညာရှင်တွေဖြစ်ကြတဲ့ စတီဖာနိုဘော်ရီ ၊ ဂီယန်Stefano Boeri ၊ ဂျက်နန်ဒရီယာ ဘက်ဒစ်ကာ နဲ့ ဂျိုဘန်နီလာဗရာ တို့ ဖြစ်ပါတယ်။ ဒီဒေါင်လိုက်သစ်တော တည်ဆောက်ရေးမှာ အခြားဥယျာဉ် စိုက်ပျိုးခြင်းပညာရှင်တွေ ၊ အင်ဂျင်နီယာတွေ နဲ့ ရုက္ခဗေဒဆိုင်ရာ ကျွမ်းကျင် ပညာရှင်များစွာလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
ဒီသစ်တော အဆောက်အဦးတွေကို ၂၀၀၉ နှစ်ကုန်ပိုင်းမှာ စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး အလုပ်သမားပေါင်း ၆၀၀၀ ခန့်ကို အသုံးပြုခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ဖွင့်ပွဲကိုတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ကျင်းပနိုင်ခဲ့ပါတယ်။ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈၇.၅သန်းခန့် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ဒီအဆောက်အဦးဟာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့အလှပဆုံး အထပ်မြင့် အဆောက်အဦး ပြိုင်ပွဲမှာလည်း ဆုရရှိခဲ့သလို ၂၀၁၅ ခုနှစ်အတွက် ဒီဇိုင်းအကောင်းဆုံး အထပ်မြင့်အဆောက်အဦးဆုကိုလည်း ရရှိခဲ့ပါတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာတော့ မြို့လယ်လိုနေရာတွေမှာ ဒီလိုဒေါင်လိုက်သစ်တော အဆောက်အဦးတွေကိုဆောက်လုပ်ပြီး ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့ကြိုးစားလျက်ရှိကြပါတယ်။
Credit : Thu Ta Zone